ချောင်းဦး ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်(၁၁)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍လည်းကောင်း ကျေးရွာစာကြည့်တိုက် တာဝန်ခံများအား ဖိတ်ကြားပြီး စာအုပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာအုပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ၅ တိုက်မှ တာဝန်ခံများ၊ စိတ်ပါဝင်စားသူ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းမှ အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးထိန်လင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ ပြည်သူများစာဖတ်ရှိန်မြှင့်တင်နိုင်ရေးကိုရည်ရွယ်၍လည်းကောင်း၊ ကိုယ်အားကိုယ်ကိုး ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍လည်းကောင်း အခုလို စာအုပ်လှူဒါန်းပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများက တောကျောင်းကြီးကျေးရွာ မျိုးသာကီ စာကြည့်တိုက်၊ ချောင်းဦးမြောက်ရပ်ကွက် အားမန်သစ် စာကြည့်တိုက်၊ သုံးပန်လှကျေးရွာ ဦးဝိစာရစာကြည့်တိုက်၊ ထူးနီကျေးရွာ ရောင်ခြည်သစ် စာကြည့်တိုက်၊ ဘူတာကျေးရွာ အားမာန် စာကြည့်တိုက် စာကြည့်တိုက်တာဝန်ခံများအား စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့သည်။ စာကြည့်တိုက်များကိုယ်စား အားမာန်သစ် စာကြည့်တိုက် တာဝန်ခံ ဦးအောင်လှက အခုလိုစာကြည့်တိုက်များ ဆက်လက်လည်ပတ်နိုင်စေရန်၊ ရှင်သန်ခိုင်မာဖွံ့ဖြိုးစေရန် စာအုပ်များလှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဝင်းမြင့်အောင်(ပြန်/ ဆက်)