မင်းဘူး ဖေဖော်ဝါရီ ၁၁
အသင်္ခရာကျောင်း (ခေါ်) ပထမတိုက် အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင်တည်ရှိပြီး အသင်္ခရာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့၍ အသင်္ခရာကျောင်း ဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော် မူခဲ့သောကြောင့် ပထမတိုက် အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်တွင်ခဲ့သည်။
ထိုအုတ်ကျောင်းကြီးကို မြန်သက္ကရာဇ် ၇၅၄ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက်နေ့တွင် မင်းကြီးစွာစော်ကဲယောက်ဖ အတုလ မိဖုရားကြီး၏ မောင်တော်ကြီး အသင်္ခရာမြို့စားမင်းက လယ်မြေဧက ၆၄၂ ပယ် တစ်စိတ်ပေါ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။
ယင်းကျောင်းကြီးပေါ်တွင် ပထမကျော်ဆရာတော် သီတင်းသုံး၍ ပိဋကတ်စာပေများ ထားရှိကာ စာပေပြုစုခြင်းကြောင့် ပိဋကတ်တိုက်ကျောင်းဟုလည်း ခေါ်ကြသေးသည်။ ကျောင်းကြီးတွင် အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေနှင့် အမြင့် ၆ပေ ၈ လက်မရှိ၍ အတွင်း ဘက် လိုဏ်ခေါင်း ပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ ရှိပြီး ယခုအခါ ရှေးဟောင်းသုတေ သနဌာနမှ ရှေးမူမပျက် ပြန်လည်ပြုပြင်ကာ ထိန်းသိမ်း စောင့်ရှောက်ထားသောကြောင့် စကုမြို့၏ အခြားအထင်ကရ နေရာများဖြစ်သော ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်း ရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီး ကျောင်းများနည်းတူ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ကျန်ရှိ နေပေဦးတော့မည်။
ဇေယျာထက်(ပြန်/ ဆက်)