မြိတ် ဖေဖော်ဝါရီ ၁၁
မြိတ်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမတွင်ကျင်းပခဲ့ရာ ဦးစွာမြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ဂုဏ်ပြုအမှာစကားနှင့် ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားသည်။
ထိုနောက် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရာ “မုန်းပေမယ့်မေ့မရ၊ သူဌေးကြီးတစ်ဦဖြစ်ခဲ့သော်၊ တက္ကသိုလ်ဆရာတစ်ဦးဖြစ်ခဲ့သော်၊ အနှစ်သက်ဆုံးခရီးစဉ်တစ်ခု၊ အသစ်တွေဘယ်လော်ကောင်းကောင်း အဟောင်းကိုတော့တလည်လည် ” ခေါင်းစဉ်များထဲမှ ယှဉ်ပြိုင်ကြရမည့်ခေါင်းစဉ်ကို ကျောင်းသား/သူများက မဲနှိုက်၍ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင် ပွဲများတွင် ဆုရရှိကြသူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ " အပျိုကြီး လူပျိုကြီးလုပ်တာ ကောင်းတယ်၊ အပျိုကြီး လူပျိုကြီးလုပ်တာ မကောင်းဘူး။ ပညာကငွေထက် အရေးကြီးတယ်၊ ပညာကငွေထက် အရေးမကြီးဘူး။ ခေတ်မီတာ ကောင်းတယ်၊ ခေတ်မီတာ မကောင်းဘူး" စသည့် ခေါင်းစဉ်များဖြင့် ကျောင်းသား/သူများက အုပ်စုအလိုက်နှင့် ခေါင်းစဉ်များအား မဲနှိုက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် မြိတ်တက္ကသိုလ်ရှိ တိုင်းရင်းသားဆရာ/မများက “ သွေးချင်းစုံညီ မြိတ်တက္ကသိုလ်ဆီ ”ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားရည်လုပြိုင်ပွဲတို့တွင် ဆုရရှိကြသောကျောင်းသား/သူများအား ဂုဏ်ပြုဆုများနှင့် စကားဝိုင်းဆွေးနွေးပေးကြသည့် ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းများကို ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )