လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲပြုလုပ်ကျင်းပ

လှိုင်းဘွဲ ဖေဖေါ်ဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးမှ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများရှိ ကလေးမိခင်များမှ မိမိတို့၏ရင်သွေးလေးများကို ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြက်သည့်ကလေးငယ်များဖြစ်လာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအား လှိုင်းဘွဲမြို့ (က)ရပ်ကွက်ရှိ မြို့နယ်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ယမန်နေ့ကပြုလုပ်ကျင်းပခဲ့သည်။

မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကေခိုင်ဝင်းက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့်ပတ်သက်၍ ကျန်းမာရေးဌာန၊ World Vision၊ IOM ၊ MHAA တို့မှ ပုးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါကြောင်း၊ ကလေးအသက်(၆)လအောက်၊  (၆)လ မှ (၁)နှစ်၊ (၁)နှစ် မှ (၁)နှစ်ခွဲဖြင့် အုပ်စု (၃)စုခွဲထားပြီး ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊  ကလေးအသက် (၁)အုပ်စုလျှင်(၅)ဆုဖြင့် စုစုပေါင်း (၁၅)စုကို ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အသင်းရုံးမှာ လာရောက်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား ကြက်ဥ(၁၀)လုံး၊  အိုင်အိုဒင်းဆား(၁)ထုတ် လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ပါကြောင်း ရှင်းပြသည်။

မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်မျိုးမမစိုးက ကလေးပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းနှင့်ပတ်သက်၍ ကလေး၏ကိုယ်အလေးချိန်၊ ကာကွယ်ဆေးထိုးမှတ်တမ်း၊ အထွေထွေကျန်းမာရေး၊ သွားကျန်းမာရေး၊ မိခင်နို့တိုက်ကျွေးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ လှပသပ်ရပ်လန်းဆန်းမှု၊  မွေးစာရင်းထားရှိမှုများအား အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ဒိုင်အဖွဲ့များကဆောင်ရွက်ပေးခဲ့ကြပါကြောင်း ရှင်းပြခဲ့သည်။

လင်းသန့်(ပြန်/ ဆက်)