ချောက် ဖေဖော်ဝါရီ ၁၁
ချောက်မြို့နယ် ၊မြို့မစျေးကြီးအတွင်း စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးမှာ ဖေဖော်ဝါရီလဆန်းမှစတင်၍ တစ်ရိပ်ရိပ်ကျ ဆင်းလျက်ရှိပြီး စျေးကွက်အတွင်း ဒေသထွက်ဗမာခရမ်းချဉ်သီးများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ခရမ်းချဉ်သီးလက်လီ လက်ကားရောင်းချသူများထံမှ သိရသည်။
ချောက်မြို့မစျေးတွင်ရောင်းချသည့် ဟင်းသီး၊ ဟင်းရွက်အများစုမှာ စဉ်ကူနယ်မြေ၊ပြည်တော်သာ၊ မီးလောင်ဖျား၊ ပခုက္ကူကျွန်း၊ ဆိပ်ဖြူမြို့နယ် ပဒေသာကျွန်း၊ ချောင်းမကြီးနှင့် ဆင်ဖြူကျွန်းမြို့တို့မှ လာရောက်တင်သွင်း၊ ရောင်းချခြင်းများဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဥ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုတ်သီး၊ အားလူး၊ကြက်သွန်၊ ဘူးသီး၊ ဂေါ်ဖီထုပ်တို့အပြင် မေမြို့ပန်းများပါ လာရောက်ရောင်းချလျက်ရှိသည်။" ခရမ်းချဉ်သီးက လက်ရှိဗမာခရမ်းချဉ်သီး တွေပဲများတယ်။ ဒီလဆန်းဖေဖော်ဝါရီလဆန်းမှာ ခရမ်းချဉ်သီးထိပ်စ စျေးနှုန်း၁၀၀၀ ကျပ် ဝန်းကျင်၊ အောက်စ တစ်ပိဿာလျှင် ၆၀၀ ကျပ်ထိ စျေးနှုန်းကျဆင်းသွားတယ်။ ယခင်ကရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊၂၀၀၀ ကျပ်ထိရှိခဲ့ရာကနေ စျေးကျသွားတာ"ဟု မြို့မစျေးတွင်ကုန်စိမ်းရောင်းချသူဒေါ်စာဥ၏ ပြောပြချက်အရ သိရသည်။
ယခုအခါ ချောက်မြို့မစျေးတွင် အနီးဝန်းကျင် ဒေသထွက် ဗမာခရမ်းချဉ်သီးများ ပိုမိုအရောင်းသွက်လျက်ရှိပြီး ၀ယ်ယူသူများအတွက်လည်းစျေးနှုန်း အဆင်ပြေမှုရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ ဆက်)