ကံမမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကံမ ဖေဖေါ်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မျိုးရာဇာ ကိုယ်ပိုင်အထက်တန်းကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန့်နေ့ နေ့လယ်(၂)နာရီက အဆိုပါကျောင်း၌  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ 

အဆိုပါ လက်ကမ်းစာစောင်တွင်  ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ “စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဆောင်းပါး၊ ဖိုးလေးလုံးသောင်းကိုကို ရေးသားသည့် “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀−၁−၁၉၄၆)ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၂−၂−၂၀၂၂ )ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကာတွန်းနှင့်ဆောင်ပုဒ် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ပြန်/ ဆက်)