ပန်းတနော် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်- ၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ကျေးရွာပေါင်း ကိုးရွာနှင့်ကျေးရွာမတည်ရန်ပုံငွေ (VRFP)ဖြင့် ကျေးရွာ သုံးရွာတွင် ထုတ်ချေးဆောင်ရွက်ပြီး အဆိုပါစီမံကိန်း လုပ်ငန်းများကို ဇူလိုင်လ တတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ပြောသည်။
ပန်းတနော်မြို့နယ်၌ Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေအတွက် ရေသွင်းရေထုတ်မြောင်းများ ပြန်လည်တူးဖော်ခြင်း၊ ကျေးရွာတွင်းလမ်းဘေး ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်း၊ မြေသားလမ်းဖို့ခြင်း၊ စာသင်ကျောင်း အားကစားကွင်းသဲဖို့ခြင်း၊ ကျောင်းလမ်းသဲခင်းခြင်း၊ ကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ တာဘောင်ပတ်မြေဖို့ခြင်း စသည့် Cash For Work စီမံကိန်း ကျေးရွာ ကိုးရွာမှ လုပ်ငန်းခွဲများကို ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာ သုံးရွာတွင် ကျေးလက်နေလုပ်ကွက်ငယ်တောင်သူများ၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူများ၊ အသေးစားအလတ်စားလုပ်ငန်း လုပ်ကိုင်နေသူများအား သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ (VRFP)ကို နည်းစနစ်တကျ ထုတ်ချေးဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)