ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြည်ထောင်စုနေ့အ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲကို ကျင်းပရာ ဦးဆောင်ပါဝင် ဆွေးနွေးသူ မြို့နယ် (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး(ပညာရေးငြိမ်း)က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၏ အနှစ်သာရများ၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ရိုက်ကူးထုတ်လွှင့်ပေးခြင်းအပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပြန်/ ဆက်)