လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ရရှိသူများအား လူမှုဖူလုံရေး အကျိုးခံစားငွေများ ထုတ်ပေး

မုံရွာ ဖေဖော်ဝါရီ ၁၁ 

အလုပ်သမားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး  လူမှုဖူလုံရေးအဖွဲ့အနေဖြင့်  ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို  ယမန်နေ့နံနက်(၁၀) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိက လူမှုဖူလုံ ရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်းနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် အကျိုးခံစားခွင့် ရရှိသူ၏ မိသားစုဝင်များထံသို့ အကျိုးခံစားခွင့်ငွေများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ထောက်ပံ့ပေးအပ်သည့် အကျိုးခံစားခွင့်များအနေဖြင့်  မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး တွင် အကျုံးဝင်မှတ်ပုံတင်ထားသော မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အာမခံအလုပ်သမား အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် - ၁၀၈၀၀၀၀၀/- (ကျပ်တစ်ရာ့ရှစ်သိန်းတိတိ) ကိုလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာဘရူဝါရီလီမီတက်မှ၊ မင်္ဂလာဒုံမြို့နယ်၊ မြို့နယ်လူမှုဖူလုံ ရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးဝင်းမောင်၏လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် - ၄၃၉၂၀၀၀/- (ကျပ် လေးဆယ့်သုံးသိန်းကိုးသောင်းနှစ်ထောင် တိတိ)ကိုလည်းကောင်း၊ စစ်ကိုင်း မြို့ လူမှုဖူလုံ ရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော NTT သစ်အချောထည်စက်ရုံမှ အာမခံအလုပ်သမား ဦးဝင်းမင်းသန်း၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်-၄၃၂၀၀၀၀/- (ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကိုလည်းကောင်း တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့်  တိုင်း‌ဒေသကြီးအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးအောင်ငြိမ်းတို့က လက်ရောက်ပေးအပ်ခဲ့ကြပြီးနောက် ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရစ်သူမိသားစုများ ကိုယ်စား မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်မိတ်ဖက်ဌာနများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  ခရိုင်(ပြန် /ဆက်)