မင်းဘူး ဖေဖော်ဝါရီ ၁၁
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ နမ္မဒါဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရာက်ခဲ့ကြသည်။
ဦးစွာ မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ ဖွင့်ပွဲအခမ်းအနားအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် နမ္မဒါဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက နမ္မဒါဘိုးရိပ်သာအဝင် ဆိုင်းဘုတ်နှင့် ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် နမ္မဒါဘိုးဘွားရိပ်သာဖြစ်မြောက်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် စိတ်အေးချမ်းသာစွာ နားခိုစရာနေရာ တစ်ခုအဖြစ် မင်းဘူးမြို့ ဂုဏ်ကျက်သရေဆောင် နမ္မဒါဘိုးဘွားရိပ်သာကြီးကို နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်မှုနှင့်အတူ မတည်အလှူငွေကျပ် သိန်း ၁၀၀ နှင့် စေတနာရှင် အလှူရှင်များ၏ မတည်အလှူငွေများဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စေတနာထက်သန်စွာ အားသွန်ခွန်စိုက် ကြိုးစားပြီး အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ယခုလို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သက်ကြီးဘိုးဘွားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် စိတ်အေးချမ်းသာစွာ တရားဘာဝနာများ ကျင့်ကြံပွာများနိုင်အောင် အလှူရှင် များ၏ မတည်အလှူငွေများဖြင့် ဘိုဘွားရိပ်သာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေ လိုပါကြောင်း၊ ဘိုဘွားရိပ်သာကြီးကို ဆက်လက်ပြီးတော့ အဒွန့်ရှည်တည်တံ့ခိုင်မြဲစွာဖြင့် ဖွင့်လှစ် နိုင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကူညီပံ့ပိုးပြီး ကြိုးစာဆောင်ရွက်သွားကြစေလိုကြောင်း၊ နမ္မဒါဘိုဘွားရိပ်သာအတွက် အလှူရှင်များမှ တတ်နိုင်သမျှ လှူဒါန်းခြင်း၊ အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်အောင် ကူညီဆောင်ရွက်ပေးခြင်းနှင့် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခြင်းများကို စနစ်တကျသုံးစွဲ ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဘိုးဘွားရိပ်သာအတွက် လိုအပ်သည်များကို ဆက်လက်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် နမ္မဒါဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ဘိုးဘွားရိပ်သာဖွင့်လှစ်ရန်အတွက် တည်ဆောက်၊ ပြုပြင်ဆောင်ရွက်ထားရှိမှုနှင့် အဘိုးအဘွားများ လက်ခံထားရှိမှု၊ အလှူငွေများ လက်ခံရရှိသုံးစွဲမှုနှင့် ဘိုးဘွားများအား ကူညီ စောင့်ရှောက်ရန် ဝန်ထမ်းခန့်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကာ နမ္မဒါဘိုးဘွား ရိပ်သာရှိ အဖွားတစ်ဦးမှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး စေတနာရှင် အလှူရှင်များနှင့် ဌာနဆိုင်ရာများက နမ္မဒါဘိုဘွားရိပ်သာအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ဘိုးဘွားရိပ်သာအတွင်း အဘိုးအဘွားများ လက်ခံထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(ပြန်/ ဆက်)