လိပ်သိုမြို့၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကျင်းပ

လိပ်သို ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ကျောင်းသား/ကျောင်းသူလေး များအနေဖြင့် အစဉ်အမြဲအောက်မေ့စေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတ ရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက် တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းမှ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် Grade-4 ကျောင်းသူ နော်ကယ်ရိုလိုင်းက “အရုပ်ကမ္ဘာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-3 ကျောင်းသား စောဘုန်းသန့်နောင်က “သားတို့လပြည့်ည” ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြပြီး စာအုပ်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံအိတ်စွပ်ပြိုင်ပွဲနှင့် ဝက်မောင်းပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက် ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ (၂၃) ဦးတို့မှ ပါဝင်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲအလိုက်ဆုရရှိသူများကို မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)