ဧရာဝတီတိုင်းဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်

လေးမျက်နှာ ဖေဖော်ဝါရီ ၁၀

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာ မြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့မှ ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကွန်ကရစ်လမ်းအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများမှ အဆိုပါ ကွန်ကရစ် လမ်းအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုငွေ (၁၀၀)သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် (၂၀)သိန်း စုစုပေါင်းကျပ်(၁၂၀)သိန်းဖြင့် ကျေးရွာနေပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အရှည်(၆၄၅)ပေ၊ အကျယ်(၈)ပေနှင့် ထု(၇) လက်မရှိကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အ.ထ.က-ပန်းတောကြီး အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးနှင့် ကျောင်းအုပ်ဆရာကြီးတို့က မိမိတို့ကျောင်းအနေဖြင့် မြို့နယ်အဆင့်ဆုများ အသီးသီး ရရှိခဲ့ကြောင်း၊ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်လျက်ရှိကြောင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသုံးစာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)