နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် နတ်မောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခက်အခဲများဖြစ်ခဲ့မှုအပေါ် ယခုလို ငွေကြေးထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ် နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက န-လက်ခုပ်ပင်ကျေးရွာရှိ အိမ်ထောင်စု (၂၁၂)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၂၄၀၀၀၀)ကျပ်၊ ကြူအိုင်ကျေးရွာရှိအိမ်ထောင်စု(၇၈)စုအတွက် ထောက်ပံ့ငွေ (၁၅၆၀၀၀၀)ကျပ်နှင့် လျှော်တောင်ကျေးရွာရှိအိမ်ထောင်စု(၈၉)စုအတွက် ထောက်ပံ့ငွေကျပ် (၁၇၈၀၀၀၀)ကျပ်တို့ကို (တတိယအကြိမ်) ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၂၂၉၈၈)စု အတွက် ထောက်ပံ့ငွေ ( ၄၅၉၇၆၀၀၀၀)တိတိကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျေးရွာများရှိ ပြည်သူများ၏ လက်ဝယ်အရောက် (တတိယအကြိမ်) လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ (နတ်မောက်)