ဝေါမြို့နယ်၌ စားသုံးသူများကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဝေါ ဖေ‌ဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပဲခူးခရိုင်၊ စားသုံးရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စားသုံးသူများ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးရာတွင် ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ဆန်းဝင်းက ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူကာကွယ်ရေး ဆောင်ရွက်ရာတွင် ကုန်ညွှန်း အမှတ်အသားဥပဒေနှင့်အညီ ပြည့်စုံမှု ရှိ၊ မရှိ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးနွေးခြင်း၊ စားသုံးသူ အခွင့်အရေး(၈)ချက်ပါ အကြောင်းအရာများ၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များရဲ့တာဝန်များ၊ စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်ရေးများ၊ နစ်နာသည့် စားသုံးသူများ တိုင်ကြားနိုင်မည့်အခြေအနေများနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ပြစ်မှု ပြစ်ဒဏ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များ၊ စားသုံးသူများအား အကာအကွယ်ပေးမှု အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများသိရှိစေရန် အသိပညာပေးဆွေးနွေးကြောင်း သိရသည်။

အောင်မြတ်လင်း