သာယာဝတီ ဖေဖော်ဝါရီ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ (ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ၏ သတ္တမကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီကကျင်းပခဲ့ရာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲ (နေပြည်တော်) ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာလေးလေးခိုင်နှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ/ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးနှင့်တကွ တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ရှိ သတ်မှတ်နေရာ အသီးသီး၌ နေရာယူကြပြီး တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါ်လေးလေးခိုင်က အထူးပြုဘာသာရပ်အလိုက် ဘွဲ့ရရှိ သူများကို ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) ၏ သတ္ထမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့် အခမ်းအနားတွင် ဘွဲ့ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်ထံသို့ ပို့ဆောင် ပေးခဲ့ရာ ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးရေးဒီပလိုမာကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူ ကျောင်းသား ၄၀ ဦး၊ ကျောင်းသူ ၄၀ ဦး၊ စုစုပေါင်း ၈၀ ဦးတို့အား စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)