တောင်တွင်းကြီးမြို့နယ်၊ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များအား တိတိကျကျလိုက်နာကြပါရန်နှင့် နှာခေါင်းစည်း(MASK)များအား စနစ်တကျ တပ်ဆင်ကြစေရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦး‌ရေများပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ်အတွင်း ဖွင့်လှစ် ထားသည့်ဈေးများအတွင်း ဝင်ရောက်လာကြသောစျေးရောင်း/စျေးဝယ် ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask)များတပ်ဆင်ရမည့်အပြင် မျက်နှာအကာ(Face shield) များပါစနစ်တကျ အမြဲ တပ်ဆင်ကြရန်၊ နှာချေချောင်းဆိုးခြင်း၊ဖျားနာခြင်း၊ အနံ့မရဖြစ်ခြင်းတို့ ဖြစ်ပေါ်နေသူများစျေးသို့ လာရောက်ခြင်း မပြုရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ အားလိုက်နာ ဆောင်ရွက် စေရေးအတွက် hand speaker ဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်းများကိုစျေးနှင့် သားသတ်ဌာနစိတ် ဝန်ထမ်းများမှ နေ့စဉ် အလေးထား ဆောင်ရွက်လျက်ရှိ  ကြောင်း သိရှိရသည်။

အေးမိုးမိုးမြင့်(ပြန်/ဆက်)