ပန်းတနော် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော တာပါတ်ကလေး- တာပါတ်ကြီး(အင်းမ- ကြံတော) ကွန်းကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စစ်ဆေးရေးမှူးချုပ်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဒေသခံပြည်သူများတက်ရောက် ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပန်းတနော်မြို့ အ.ထ.က (၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရာက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ပြီး စာရေးကရိယာများ လှူဒါန်းခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အဆိုပါ အဖွဲ့ဝင်များသည် ပန်းတနော် မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အဦးအား ဝင်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် (EID)ရေးသွင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)