သရက်ချောင်း ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ပုံများ၊ ယနေ့ခေတ် လူငယ်များအနေဖြင့် မိမိတို့ဘိုးဘွားများ ခက်ခက်ခဲခဲအရယူထားသော ပြည်ထောင်စု နေ့ကောင်းနေ့ မြတ်ကြီးကို ချစ်မြတ်နိုးပြီး အလေးထားတန်ဖိုးထားသင့်ကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့တွင် ပြည်ထောင်စု၏ အနှစ်သာရဖြစ်သည့် လွတ်လပ်ရေးနှင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံခွန်အားများကို အားလုံး၏ ရင်ထဲ၊နှလုံးသားထဲတွင်ကိန်းအောင်းရှင်သန်နိုင်ကြစေလိုကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး(Talk Show) အစီအစဉ်များကို လစဉ်ရိုက်ကူး၍ Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)