ရှမ်းရွာသစ် စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူးများက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုဗစ် -၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ရှမ်းရွာသစ်မြို့အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိ အသက်(၈၀)နှစ်နှင့် (၈၅) နှစ်အကြားရှိ ဘိုးဘွား(၃၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၆၀၀၀၀/-) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လက်ဝယ်အရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)