ပဲခူး ဖေဖော်ဝါရီ ၉
ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မေဂျာပေါင်းစုံ ကျပန်း/စကားရည်လု/ စကားဝိုင်းဆွေးနွေးပွဲ(အင်္ဂလိပ်စာစွမ်းရည်)ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးတက္ကသိုလ်စုဝေးခန်းမ၌ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်မင်းနှင့် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာအေးအေးခိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်္ဂလိပ်ဌာနမှတွဲဖက်ပါမောက္ခဒေါ်မြင့်မြင့်ချိုက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးမှ ကိုယ်တိုင်မဲနှိုက်ရွေးချယ်၍ မဲကျရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်လည်းကောင်း၊ စကားရည်လုပြိုင်ပွဲတွင် အဆို ၃ ဦး အချေ ၃ ဦး ပေါင်း ၆ ဦးဖြင့် အဖွဲ့(၃)ဖွဲ့မှ ပြိုင်ပွဲဝင် ၁၈ ဦးမှလည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲ ပြိုင်ပွဲတွင် ၄ ဦး(၁)ဖွဲ့ဖြင့် အဖွဲ့(၆)ဖွဲ့မှ ပြိုင်ပွဲဝင် ၂၄ ဦးမှလည်းကောင်း စုစုပေါင်းကျောင်းသူ ၅၇ ဦးမှ အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်မင်း၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာအေးအေးခိုင်နှင့်တာဝန်ရှိသူများ၊ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ၅၄၀ ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် ( ပြန်/ဆက်)