ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငဖဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ထက်သန်လာစေရန်၊ မြန်မာ့ရိုးရာဆိုရိုးစကားနှင့် စကားပုံများကို သိရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းအကြောင်းကို ကျောင်းသား/သူများအား အသိပညာပေး ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအလယ်တန်းဆင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ငဖဲမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းဆင့် Grade-6 ကျောင်းသား/သူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်သူ (၃)ဦးကို တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေး အပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြသထားရှိသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ပြည်ထောင်စုနေ့ ဂုဏ်ပြုကဗျာများ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားဂုဏ်ပြုနံရံကပ်စာစောင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့်  မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ရုပ်ပြများ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)