ကြံခင်း စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းသည် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချလျက်ရှိသည့် ဆိုင်များအား စက်တင်ဘာ (၂၁) ရက်နေ့မှစပြီး အောက်တိုဘာ (၁) ရက်နေ့ထိ နေ့စဉ်နံနက် (၆) နာရီမှနေ့လည်(၂)နာရီအထိ ဖွင့်လှစ်ရောင်းချ နေမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန် အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)