မြိတ်မြို့တွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သုံးစွဲရန် မသင့်သည့် တားမြစ် အလှကုန်များ၊ စံမညီဆေးဝါးများ ရောင်းချခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပညာပေး

မြိတ် စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ပြည်သူများ စားသုံးရန်နှင့် သုံးစွဲရန် မသင့်သည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်များကို ရောင်းချခြင်း မရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ရှောင်တခင်စစ်ဆေးခဲ့ကြသည်။

“အစားအသောက်ဆိုင်များ စစ်ဆေးရာမှာ ဂျယ်လီ၊ ငါးပိ၊ ပုစွန်ခြောက်တို့မှ နမူနာ(၅) မျိုး ဝယ်ယူခဲ့ပြီး ခွင့်မပြုဆိုးဆေးများသုံးစွဲထားခြင်းရှိမရှိ စစ်ဆေးဖို့ တိုင်းရုံးကိုပို့မှာဖြစ်ပါတယ်။ အထူးအနေနဲ့ အာဂျီနိုမိုတို အမှတ်တံဆိပ် ဟင်းခတ်အချိုမှုန့် အတုအစစ်ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခဲ့ကြပြီး အာဂျီနိုမိုတို အမှတ် တံဆိပ် ဟင်းခတ်အချိုမှုန့် အတုရောင်းချနေတာ (၂) ဆိုင်တွေ့ရ၍ ကော်မတီအဖွဲ့တွေနဲ့အတူ ပစ္စည်းသိမ်းဆည်းပြီး နောက်နောင် ရောင်းချခြင်း မရှိစေရန် ခံဝန်လက်မှတ်ရေးထိုးခဲ့ပါတယ်” မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမေသန်းနုက ပြောသည်။

ရှောင်တခင် စစ်ဆေးဆောင်ရွက်ရာ၌ ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များ၊ ဆေးဝါးအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော စားသောက်ကုန် များ၊ ဆေးဝါးများတို့ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသည့် အလှကုန်ပစ္စည်း၊ စံမညီဆေးဝါးများ၊ အစားအသောက်များတွင် တားမြစ်ဓာတုပစ္စည်းများပါဝင်ခြင်းရှိမရှိကို  မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ခိုင်ထူး ( မြိတ် ပြန်/ဆက် )