သာယာဝတီ ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း (Public Talk)ကို သာယာဝတီ မြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကူး ကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။
ပြည်သူ့စကားဝိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြူကြူလှိုင်က ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူတို့အကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အရေးများဖော်ဆောင်ပေးနိုင်ရန် မိမိတို့ ရပ်ရွာဒေသများတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်မိုးထွန်းက ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော် ၊မြို့နယ်စာရေးဆရာအသင်း မှဦးမိုးသည်းအောင်(ပန်းမြေ)၊ ခရိုင်ပြည်သူ့ ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး (ကုသရေး) ဌာနမှ ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးထက်ဦးကျော်တို့က သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ဖြစ်လေ့ဖြစ်ထရှိသော လူမှုပတ်ဝန်းကျင် နေထိုင်မှုပုံစံများ၊ ပြစ်မူပြစ်ဒဏ်များ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်း၊ မူခင်းပညာပေးဆိုင်ရာ အကြောင်း အရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျေးလက်နေ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)