ငွေဆောင် စက်တင်ဘာ ၂၈
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ငွေဆောင်မြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေးဈေးဆိုင်/အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၈ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်း ဦးဆောင်၍ မြို့စည်ပင်သာယာ အဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များပါဝင်သော စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူ၊ ဈေးဝယ်သူများ နှာခေါင်းစည်း တပ်ဆင်၍ ရောင်းချ ဝယ်ယူစေရေးနှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြသည်။
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စည်ပင် သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မဈေး၊ လမ်းဘေး ဈေးဆိုင်/အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက်ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင် များကို (၂၁-၉- ၂၀၂၀) ရက်နေ့မှ (၁-၁၀-၂၀၂၀) ရက်နေ့အထိ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချသွားရန်၊ ပုဂ္ဂလိကဆေးဝါး အရောင်းဆိုင်များအား နံနက် ၆ နာရီမှ ည ၈ နာရီအထိ ရောင်းချသွားရန် အသိပေး အကြောင်းကြားထားပြီးဖြစ်ကြောင်း ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)