ကယားပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ 

ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ  အိုးစည်ဒိုးပတ် အဖွဲ့များက တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ စုပေါင်းထမနဲ ထိုးပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် စားသောက်ကုန် ပစ္စည်းများကို လိုက်လံကြည့်ရှု၍ ပြိုင်ပွဲဝင်များအား အားပေးစကားပြောကြားပြီး ပြိုင်ပွဲဝင်များ၏ အားကြိုးမာန်တက် စုပေါင်းထမနဲထိုးယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် အမှတ်ပေးဒိုင်အဖွဲ့များက စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် အခင်းအကျင်းပြင်ဆင်မှု၊ ပြိုင်ပွဲဝင်များ ဝတ်စားဆင်ယင်မှု၊ စည်းလုံးညီညွတ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်း သပ်ရပ်မှုနှင့် အချိန်မီပြီးစီးမှု စသည့်သတ်မှတ်ထားသော အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အမှတ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စုပေါင်းထမနဲ ထိုးပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအားလည်းကောင်း၊ အိုးစည်ဒိုးပတ် အဖွဲ့သားများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုဇင် (ပြန်/ ဆက်)