ရွှေတောင်မြို့နယ်၊ အ.မ.က ကြာနီကန်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က ကြာနီကန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ပုံပြင်များကို ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်သော အချက်အလက်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားနည်းများအကြောင်း၊ လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ.မ.က၊ ကြာနီကန် ကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)