ပုလော စက်တင်ဘာလ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇နာရီခွဲက ပလမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များက ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးသည့် ဂိတ်တွင် တာ၀န်ကျ ကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ် တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီး ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွား ပြည်သူများကို ကိုယ် အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ် စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိပါက ချက်ချင်း၀ယ်ယူ တပ်ဆင်စေခြင်း၊ တိုင်းပြင်ပမှ တိုင်းအတွင်း ၀င်ရောက် လာသည့် ခရီးသွားပြည်သူ များအား ခရီးသွား ထောက်ခံချက် စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ် (၂၄) နာရီ နေ့/ည ဂျူတီ ခွဲဝေချ ထား၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးမော်(ပုလော −ပြန်/ဆက်)