ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ၊ အတွေးအခေါ်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ဂန့်ဂေါ)ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။‌

ရှေးဦးစွာ ဂန့်ဂေါမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ကျောင်းသား/သူများ အသိပညာဗဟုသုတ၊ အတွေးအခေါ်ကောင်းများနှင့် စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဂန့်ဂေါမြို့၊ အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရာထွန်းက ယခုကဲ့သို့ လူငယ်စကားဝိုင်းပြုလုပ်ပေးတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် အ.ထ.က(ဂန့်ဂေါ)ကျောင်း ဧကဒဿမတန်းမှ မဆုလရိပ်က“လူငယ်နှင့်မူးယစ်ဆေး”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဧကဒဿမတန်းမှ မမေသဇင်ဇော်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧကဒဿမတန်းမှ မောင်ဖြိုးသန့်ဟိန်းက “လူငယ်နှင့်ပညာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧကဒဿမတန်းမှ မောင်ပိုင်ဇေထက်က “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး”စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်၊ အ.လ.က(ခွဲ) စည်ပင်သာယာကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဟန်စိုးစိုး၊ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများဖြင့် အပြန်အလှန်အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)