ဒေးဒရဲ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ၀ပြည့်စုံနိုင်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တီထွင်ကြံဆနိုင်သည့် ဉာဏ်ရည်ဉာဏ်သွေးများရရှိစေရေးအတွက် ပြိုင်ပွဲများပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ငြိမ်းချမ်းခြင်းဂေဟာနှင့် တူယှဉ်တွဲလို့နေကြမယ်ပုံပြင်များဖြင့် တပျော်တပါးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုတာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အပန်းပြေပျော်ရွှင်စေရေး စကောရွက်နှင့် ခါးလှည့် အားကစားနည်းများကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေဇာလင်း