T.W.S ကိုယ်ပိုင်အထက်တန်းကျောင်း (ရွှေဘို)၌ မီး​ဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန် မီးငြိမ်းသတ်နိုင်​ရေး​လေ့ကျင့်ပို့ချ

​ရွှေဘို ​ဖေ​ဖော်ဝါရီ ၈

မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရေး၊ လက်တွေ့ငြိမ်းသတ်နိုင်ရေး အလေ့အထရှိစေရေးအတွက်၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုမြို့ T.W.S ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သော ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဟောပြောပို့ချ လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှုးက ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ မိဘပြည်သူများအနေဖြင့် ကျောင်း၌ဖြစ်စေ၊ မိမိနေအိမ်၌ဖြစ်စေ မီးလောင်မီးလန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ကြောက်လန့်ပြီး ပစ်မသွားပဲ စိတ်ကို တည်ငြိမ်စွာထား၍ လက်ဦး ငြိမ်းသတ်တတ်စေရန်၊ ကနဦးမီးလောင်မှုမှာ မီးသေး၊ မီးမွှားသာဖြစ်၍ တည်ငြိမ်စွာ ရင်ဆိုင်ငြိမ်းသတ်တတ်စေရန်၊ မီးလောင်ကျွမ်းမှုဖြစ်ရန် လေ/အောက်ဆီဂျင်၊ လောင်စာဆီ၊ မီးလောင်လွယ်သော ပစ္စည်း၊ မီးတောက်ရန်လိုအပ်သော အပူချိန်ဟူ၍ရှိရာ ယင်းတို့အနက် တခုခုအား ဖယ်ရှားခြင်း၊ ဖုံးအုပ်ခြင်း၊ ငြှိမ်းသတ်စေခြင်းဖြင့် မီးလောင်မှုကြီးဖြစ်မှုမှ ကာကွယ်တားဆီးတတ်စေရန်၊ မီးလောင်မှုကြီးထွားလာပါက မိမိဝန်းကျင်အား ဟစ်အော်အကူအညီတောင်း၍ မီးသတ်ဌာနသို့ တိကျစွာ ဆက်သွယ်အကူအညီတောင်းခံရန်၊ မီးလောင်မှုသာမက မတော်တဆဖြစ်ပွားမှုများ၊ သဘာဝဘေးရန်များ တွေ့ကြုံရခြင်း၊ မြွေကဲ့သို့သော အန္တရာယ်များ ရင်ဆိုင်ရပါကလည်း မီးသတ်ဌာနသို့ ဆက်သွယ်အကူညီတောင်းရန်၊ စသဖြင့် ဘေးအန္တရာယ်များ ရင်ဆိုင်ကျော်လွှားတတ်စေရန် နည်းလမ်းများနှင့် သဘာဝဘေးရန်အတွက် ကူညီရန် ရှာဖွေကယ်ဆယ်ရေးဝတ်စုံ၊ မီးဘေးသတိပြုကာကွယ်ရေးနှင့် နေ့စဉ်ရုံးတက်ဝတ်စုံ၊ မီးငြိမ်းသတ်ရေးဝတ်စုံဟူ၍ မီးသတ်ဌာနတွင် သတ်မှတ်ဝတ်စုံများအကြောင်း ဟောပြောပို့ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများ လက်တွေ့ရင်ဆိုင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းကရိယာများ အသုံးချမှုအား သရုပ်ပြသခဲ့ပြီး မီးသတ်ပညာပေး စာစောင်များအား ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

​ခရိုင်ပြန်/ဆက်