လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများပြုလုပ်

လိပ်သို  ဖေဖော်ဝါရီ  ၈

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၆) နှစ် မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာပေကိုချစ်မြတ်နိုးစေရန်၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့်အလေ့ အကျင့်များ ရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် Grade-4 ကျောင်းသား စောချစ်ဘုန်းကျော်က  “နှံကောင်နှင့်ပုရွက်ဆိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် Grade-3 ကျောင်း သူ ချောသက်မှူးခင်က  “ကျေးဇူးရှင်ဆရာ/ဆရာမ” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/ကျောင်းသူ (၂၀) ဦး တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)