ဒိုက်ဦးမြို့ ဖအောင်ဝဲရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဒိုက်ဦး  ဖေဖော်ဝါရီ  ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒိုက်ဦးမြို့၊ ဖအောင်ဝဲ ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကျော်စွာလင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ငယ်ရွယ်စဉ်မှစ၍ အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးရန်၊ အတွေးအခေါ်ထက်မြက်ဖို့၊ အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့၊ ပြသာနာများကိုနည်းမှန်လမ်းမှန်ဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဘဝကိုတည်ဆောက်နိုင်စေဖို့အပြင် ယနေ့လူငယ်တွေစာဖတ်သည့်အကျင့် ကောင်းများရရှိစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာပေမှရရှိသည့်အသိပညာများကို သူတစ်ပါးအားမျှဝေပေးနိုင်ရန်၊ လူထုအကြားအပြန် အလှန်ဆွေးနွေးမေးမြန်းဖြေကြားနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးမြင့်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးတို့နှင့်အတူ ကျောင်းသား/ သူ(၆)ဦးတို့က အပြန်အလှန် ဆောင်ရွက်ကြကာ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာရိတ္တနှင့် လူငယ်နှင့်စားသုံးသူရေးရာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဖအောင်ဝဲ အထက်တန်းကျောင်းမှ ဆရာဆရာမှ ၁၁ ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၇၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)