လွိုင်ကော် ဖေဖော်ဝါရီ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်ကော်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေးနှင့် မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဟောပြောပို့ချခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မင်းရဲကျော်စွာ ခန်းမ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီထွေးဦးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ မီးသတ်တပ်ဖွဲ့တွင် အသုံးပြုသည့် မီးသတ်ယာဉ်များနှင့် ဝတ်စုံများအကြောင်း ရှင်းလင်းခြင်း၊ မီးသတ်ဆေးဘူး ထိန်းသိမ်းအသုံးပြုနည်းများ ရှင်းပြသည်။
ထို့နောက် ဓါတ်ဆီဆိုင်များတွင်မီးလောင်ပါက မီးငြိမ်းသတ်ပုံများနှင့် ရေတွင်းအတွင်းမှ လူကိုကယ်ဆယ်နည်းများကို လက်တွေ့သရုပ်ပြသရာ ကျောင်းသား ကျောင်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲနှင့်သရုပ်ပြပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
ကိုဇင်(ပြန်/ ဆက်)