လွိုင်ကော် ဖေဖော်ဝါရီ ၇
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သို့မှသာ ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်စေရန် သက်ဆိုင်ရာဌာနအသီးသီးနှင့် လုပ်ငန်းရှင်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ပြည်နယ်ရှိ သယံဇာတအရင်းအမြစ်များကို အခြေခံပြီး အဆင့်မြင့်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ လွိုင်ကော်စက်မှုဇုန်ကိုလည်း ယခုထက်ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အပြည့်အဝပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမျိုးလွင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)