ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဆောင်းရာသီအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်း အနားကျင်းပ

ဘားအံ ဖေဖော်ဝါရီ ၇

ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံဆောင်းရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အားကစားပြိုင်ပွဲ ပိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေရှိ တက္ကသိုလ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသားလူငယ်များဉာဏဖွံ့ဖြိုးရေးအတွက် ပညာသင်ကြားရေးသာမက ကာယကျန်းမာကြံခိုင်ရေးအတွက် အခြေခံပညာအဆင့်မှစ၍ အဆင့်ပညာအဆင့် တက္ကသိုလ်၊ ကောလိပ်များတွင်ပါ မိမိတို့စိတ်ဝင်စားသော အားကစားနည်းအမျိုးမျိုးကို ကစားနိုင်ရန် ပညာသင်နှစ်အလိုက် အားကစားပြက္ခဒိန်များရေးဆွဲပြီး ကျောင်းအဆင့်၊ တက္ကသိုလ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများကို ကျင်းပပေးနေကြောင်း၊ အနာဂတ်တိုင်းပြည်တာဝန်ကိုထမ်းဆောင်ကြမည့်မောင်တို့ မယ်တို့သည် ဉာဏအင်အားသာမက ကာယအင်အားအပါအဝင် ဗလငါးတန်ပြည့်စုံမှသာ တိုင်းပြည်တာဝန်ကို ပြည့် ပြည့်ဝဝ ထမ်းနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဆရာ၊ဆရာမများသင်ကြားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ကြားပြီး အားကစားကိုလည်းပညာရပ်တစ်ခုအနေဖြင့် ထူးချွန်အောင် လေ့လာသင်ယူ အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခဌာနမှူးများ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ဘာသာရပ်ပေါင်းစုံဆောင်းရာသီအားကစားပြိုင်ပွဲ စားပွဲ တင်တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ် ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆုရအားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ အားကစားလှုပ်ရှားမှု အကောင်းဆုံး ဌာနဆုတို့ကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ကျင်းပပြီးစီးခဲ့သော ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်၊ သိပ္ပံပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ဘားအံတက္ကသိုလ်(ဂ)အသင်း၊ ဒုတိယဆုရ (က)အသင်းနှင့် ပူးတွဲတတိယဆုရ (ခ)အသင်းတို့က ပါမောက္ခချုပ်ထံ ဆုဖလားများကို ပြန်လည်အပ်နှံကြပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံဆောင်းရာသီ အားကစားပြိုင်ပွဲအား ပိတ်သိမ်းပေးခဲ့ကြောင်းသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)