ပွင့်ဖြူ ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒေသခံပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရန်အတွက် ပွင့်မာလာပန်းခြံ၌ ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ပွင့်မာလာပန်းဥယျာဉ်ခြံ၌ ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က ပန်းဥယျာဉ်ခြံအား သာယာလှပစိမ်းလန်းစိုပြည်စေရေးအတွက် ကြေးနီရွက်လှပန်းပင် ၈၀ ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ယခင်စိုက်ပျိုးပြီးသည့် ပန်းအလှပင်များ ရေဖျန်းခြင်း၊ အလှပုံဖော်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြပြီး မြို့တွင်းသာယာလှပစေရေးအတွက် စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်ခြံတွင် ကတ္တီပါရွက်လှပန်းပင် ၈၀ ပင် ပျိုးထောင်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်းကျင် သာယာလှပစေရန် ဆူးမွေးကြားပန်းပင်များ မြေချစိုက်ပျိုးခြင်းနှင့် နွယ်သာဂီပန်းပင်များ အလှပုံဖော်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့တွင်း၊ မြို့ပြင် စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ထိန်းသိမ်းပြုပြင်ဆောင်ရွက်ခြင်း၊ လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ကင်းဝေးပြီး စနစ်တကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးခြင်း၊ အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်း အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)