အုတ်တွင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေခြင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် စည်းလုံးညီညွတ်စွာ စုပေါင်းလုပ်ဆောင်တတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း ပြောကြားပြီး၊ ဆေးရောင်ခြယ်ပြိုင်၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲမှ ဆုရရှိသည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)