ထားဝယ်မြို့၌လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ      

ထားဝယ်   ဖေဖော်ဝါရီ   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးစောအောင်မွန်က နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍများကို အလေး ထားဆောင်ရွက်နိုင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသကဲ့သို့ နောင်ကျရင် နယ်ပယ်အသီးသီးတွင် ဦးစီးဦးဆောင်ပြုရမည့်သူများဖြစ်ကြောင်း၊  လူငယ်ဘဝတွင် သင်ယူသင့် သင်ယူ ထိုက်သည်များကို သင်ယူကြမှသာအရည်အချင်းရှိသော ဦးဆောင်သူများဖြစ်လာနိုင်ပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိလူအဖွဲ့အစည်း၏ အကျိုးများကို သယ်ပိုးနိုင်သူများဖြစ်လာနိုင်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကိုတန်ဖိုးရှိသောလူသားအရင်း အမြစ်များအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း လူငယ်များအနေဖြင့် မိမိကိုယ်ကိုမိမိတန်ဖိုးရှိသော လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ထူးခြားသောအင်အားစုတစ်ရပ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်က ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသောဘက်စုံဖွံဖြိုး တိုး တက်ရေး လုပ်ငန်းများတွင် လူငယ်ရေးရာ ကိစ္စရပ်များကိုအရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း၊ (Social Media)လူမှုမီဒီယာများကိုအသုံးချပြီးအတွေး အမြင်လွဲမှားအောင်အလွယ်တကူ လုပ်ဆောင်လာနိုင်သည်ကိုတွေ့ရကြောင်း ကျောင်းသားလူငယ်များအနေဖြင့် (Social Media) လူမှုမီဒီယာ အားကောင်းနေသည့်ကာလတွင် လူမှုမီဒီယာတွင် ရေးသားချက်များအပေါ် မိမိတို့၏ ပညာကိုအခြေခံပြီး အမှားအမှန်ကို ခွဲခြားနိုင်စွမ်းဖြင့် ဉာဏ်ပညာ ပြည့်ဝနေရန်လိုအပ်ကြောင်း၊ စသဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ညှိနှိုင်းရေးမှူး(Moderator) အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြော ကြားသူများ အဖြစ် ဦးဝင်းမောင်လေး၊ မမေသက်ခိုင်၊ မောင်ခန့်ဇင်သီဟ၊ မောင်အောင်ကောင်းမြတ်၊ မသွန်းဟေမာန်နွေး၊ မယုမွန်ဟန်တို့က လူငယ်နှင့်စနစ်သစ်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် မျိုးချစ်စိတ်ခေါင်းစဉ်များဖြင့်ဆွေးနွေးကာ လူငယ်‌များ ယုံကြည်မှုရရှိရန်ပြင်ဆင်ထားရမည့်အကြောင်း၊ လူငယ်‌နှင့်အားကစားအမြင် စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)