အိမ်မဲမြို့နယ်မြို့မစျေးကြီးနှင့် အပြင်ထွက်သူများအား နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မှုရှိ/မရှိ မိုဘိုင်းစနစ်ဖြင့် စစ်ဆေး

အိမ်မဲ  စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့မစျေးကြီး အတွင်းအပြင် စျေးဆိုင်ခန်းများနှင့် အပြင်ထွက်သူများအား ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရန် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်မှု ရှိ/မရှိကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၂၆ ရက်နံနက်ပိုင်းက စစ်ဆေးခဲ့ကြောင်း    သိရသည်။

"ကျွန်တော်တို့ မြို့နယ်ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အဖွဲ့(၃)ဖွဲ့ခွဲပြီး မနက်တစ်ကြိမ်၊ နေ့ခင်းတစ်ကြိမ်၊ ညနေတစ်ကြိမ် မိုဘိုင်းစနစ်နဲ့ ပြည်သူတွေ အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်စေဖို့၊ နှာခေါင်းစည်းကို မေးစေ့မှာ ချိတ်ထားတာ၊  နှာခေါင်းကို လုံခြုံအောင်မဖုံးအုပ်တာနဲ့ နှာခေါင်းစည်းမပါတဲ့သူတွေကို "ယခုဝယ်၊ ယခုတပ်" စနစ်နဲ့ လိုက်လံစစ်ဆေး နေတာပါ” လို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးကပြောသည်။

အိမ်မဲမြို့နယ်တွင် နေ့စဉ် တစ်နေ့လျှင် စစ်ဆေးရေးအဖွဲ့(၃)ဖွဲ့ဖြင့် (၃)ကြိမ်ခွဲ၍ နှာခေါင်းစည်း စနစ်တကျ မတပ်သူများကို ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရန်အတွက် တင်းကြပ်စွာ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ)