ကော့ကရိတ်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

ကော့ကရိတ်   ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့်ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ပြည်သူများအသိပညာဗဟုသုတမြင့်မားစေရေးအတွက် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးသင်းက လူကုန်ကူးမှုခံရသည့်အခြေအနေများ၊ ပြစ်မှု၊ပြစ်ဒဏ်များ၊ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ နိုင်ငံတော်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ကေ့ာကရိတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များကိုဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့်အသိပညာပေး(Talk Show) ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)