တွန်းဇံ ဖေဖော်ဝါရီ ၁
ချင်းပြည်နယ် တွန်းဇံမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ခေါလိုင်ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခမ်ငိုက်မန်က အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးလုပ်သား အဓိပ္ပါယ်သတ်မှတ်ချက်များကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူးမြစိုးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်က ကလေးသူငယ်များ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များအားလည်းကောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆောက်က မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ အသီးသီးဟောပြောကြသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြစိုးနှင့် တပ်ဖွဲဝင်များ၊ မြို့နယ်တရားသူကြီး ဦးဇော်ဖြိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှမ်းမုန်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဆောက်၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အလက(ခွဲ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇိုဇွန်းပါလ်