မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ မြေပဲစိုက်ခင်းများကို စတင်သိမ်းဆည်း

မင်းဘူး  စက်တင်ဘာ  ၂၈

မကွေတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော မြေပဲသီးနှံများ နုတ်သိမ်းချိန်တန်ပြီဖြစ်၍ စက်တင်ဘာလမှ စတင်ကာ စတင်သိမ်းဆည်းနေပြီ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် လက်ပံတောကျေးရွာ တောင်သူများထံမှ သိရသည်။

မင်းဘူး(စကုမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု ကျေးရွာပေါင်း ၁၅၀ ရှိကာ ဒေသခံ ကျေးလက်နေ ပြည်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွါးဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ ကျေးရွာများရှိ တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုစုပျိုးထောင် လုပ်ကိုင်ကြပြီး စားပင်သီးနှံ မျိုးစုံနှင့် နှစ်ရှည် သီးနှံပင်များဖြစ်သည့် သရက်၊ လျှော်ဖြူ၊ သနပ်ခါး၊ မန်ဂျက်ရှား၊ ဇီးစသည်တို့ စိုက်ပျိုး လုပ်ကိုင်ကြပြီး စက်ရေတွင်းတူး၍ ရေအောင်သည့် ကျေးရွာများတွင် ၎င်းသီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခုအခါ တောင်သူများမှာ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် မြေပဲများ အရွက်များ ဝါလာကာ အပွင့်များကျလာပြီး နုတ်သိမ်းချိန် တန်ပြီဖြစ်၍ စတင်သိမ်းဆည်း နေကြပြီဖြစ်သည်။ ယခင်နှစ်များက မြေပဲတစ်ဧကတင်း ၈၀ ထွက်ရှိကာ ၁ တင်းလျှင် ၁၀၀၀၀ ကျပ်ဈေးရောင်းရသဖြင့် မြေပဲစိုက်တောင်သူများ အဆင်ပြေကြပြီး ယခုနှစ်တွင် မိုးသီးနှံအဖြစ် မြေပဲ စိုက်ပျိုးသူ များလာကြေင်း ဒီနှစ် မင်းဘူးမြို့ မြေပဲဈေးကွက်မှာ ၁ တင်းလျှင်ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိသဖြင့် မြေပဲများပေါ်စတွင် အစဉ်ပြေနေ သေးကြောင်း၊ မိုးဦးမှာ မိုးကောင်းစွာ မရွာပေမဲ့၊ မြေပဲအထွက်နှုန်းလေးလည်း ကောင်းပါကြောင်း လက်ပံတောကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးသောင်းလှိုင်ထွေးက ပြောသည်။

ဇေယျာထက်(မင်းဘူး)