ရေဖြူမြို့နယ်တွင် Cash for work စီမံကိန်း ကျေးရွာ (၁၁) ရွာရှိ လုပ်ငန်း (၁၂) ခု ရာနှုန်းပြည့်ပြီးစီး

ရေဖြူ၊ စက်တင်ဘာ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash for work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာလူထုကိုယ်တိုင် လုပ်သားအဖြစ် ဆောင်ရွက်ကာ လုပ်အားငွေပေးချေသည့် စနစ်ဖြင့်လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းများ ရာနှုန်းပြည့်စီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းဖြင့် ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ လူထုကိုယ်တိုင် လုပ်သားအဖြစ်ဆောင်ရွက်ကာ လုပ်အားငွေပေးချေသည့်စနစ်ဖြင့် ရေဖြူမြို့နယ်ကျေးရွာအုပ်စု (၁၁) စုမှ ကျေးရွာ (၁၁) ရွာအား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၂၃)ရက်နေ့မှ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ရာ မဲတောကျေးရွာ၊ ထွက်ဝကျေးရွာ၊ဒေါက်လောက်ကျေးရွာ၊ ကျောက်ဝှက်ကုန်းကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ရာဖူးကျေးရွာ၊ ဘုရားသုံးဆူကျေးရွာတွင် (၂)လက်မ (၁/၄)မိုင်ရေပိုက်သွယ် တန်းခြင်း လုပ်ငန်း၊ မူးဒူးကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ကံပေါက်ကျေးရွာ တို့တွင်လမ်းဘေးဝဲယာ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်း နှင့် ကျောက်ရှပ်ကျေးရွာတွင် ဘက်စုံသုံးခန်းမပြုပြင်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း စုစုပေါင်းကျေးရွာ(၁၁)ရွာ၊ လုပ်ငန်း(၁၂)ခုအား စက်တင်ဘာလ ပထမ ပတ်တွင် လုပ်ငန်းများရာနှုန်းပြည့်စီးပြီးဖြစ်ကြောင်း အဆိုပါကျေးလက်ဦးစီးဌာနမှ သိရသည်။

ကိုဗစ် -၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ Cash for work စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခြင်း‌​ကြောင့် ကျေးရွာနေပြည်သူများအလုပ်အကိုင်အခွင့်လမ်းနှင့်မိသားစုဝင်ငွေရရှိကာ ကျေးရွာရှိ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း သိရသည်။

ဖြူဖြူရှိန် (ရေဖြူပြန်/ဆက်)