မြိတ် ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို အထက(၃)မြိတ် ပညာရတနာခန်းမတွင် ယမန်နေ့ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြိုင်ပွဲကို မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်၊ မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ၊ ငါတို့ရဲ့အနာဂတ် သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့၊ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့၊ လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ၊ မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှကာကွယ်ကြပါစို့၊ လူသားချင်းစာနာ ကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့ စသည့် ခေါင်းစဉ်များဖြင့် ကျင်းပခဲ့သည်။
ပြိုင်ပွဲအား မြိတ်ခရိုင်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ သူ(၄၇)ဦးက ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဖော်ပြပါခေါင်းစဉ်များမှ ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ကျောင်းသား/ သူများ ပါဝင်ယှဉ်ပြိုင်နေမှုအား မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မိုးသက်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် ပန်းချီပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/ သူ(၁၂)ဦး၊ ပိုစတာပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/သူ(၁၁)ဦး၊ ကာတွန်းပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/သူ(၁၅)ဦး၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ၌ အထက်တန်း၊ အလယ်တန်းကျောင်း သား/သူ(၉)ဦး ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )