(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်း ဖွင့်ပွဲကျင်းပ

လက်ပံတန်း ဖေဖော်ဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပျဉ်ထောင်တွင်းကျေးရွာအုပ်စု သရက်ချောင်းရွာမကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကုန်ထုတ်လမ်း၌ကျင်းပခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းလွင်၊ ကရင်တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောသိန်းဝေ၊ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဝင်းခိုင်တို့က ကျေးလက်ကုန်ထုန်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဦးစီးမှူးဦးသန်းလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်တို့ကအမှာစကားပြောကြားပြီး၊ Great Life International ကုမ္ပဏီမှ တာဝန်ခံ ဦးအောင်ဝင်းက ကျေးလက်ကုန်ထုတ်လုပ်ငန်း တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ကျေးရွာသူကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖဦးချစ်ကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 အဆိုပါလမ်းကို လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၃၆ဒဿမ ၀၇ သန်းဖြင့် လမ်းအရှည် ၂၉၀၄ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉လက်မရှိပြီး လုပ်ငန်းအား Great Life International ကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)