တနင်္သာရီ၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Fitness Dance အကဖြင့် (ဒုတိယ)အကြိမ် အသိပေးနှိုးဆော်

တနင်္သာရီ၊ စက်တင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပန်းဖြေလမ်းလျှောက်သွားလာသူများပြီး မော်တော်ယာဉ်အသွားအလာ များသည့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းမြို့သွား တနင်္သာရီတံတားသစ်ထိပ်နေရာတွင် စက်တင်ဘာ၂၆ ရက်နေ့ ညဦးပိုင်းက ကိုဗစ်-၁၉ နှိုးဆော်ရေးဆိုင်ရာသတိပေးတေးသီချင်းများဖြင့် Fitness Dance အကအဖွဲ့က တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေပေးကြောင်း သိရှိရသည်။

ထိုသို့ဖျော်ဖြေကပြရာမှာ မြို့နယ်အား/ကာဦးစီးဌာနမှ နည်းပြ(နည်းစနစ်မှူး)ဒေါ်ပပထွန်း ဦးဆောင်သော Fitness Dance အကအဖွဲ့က ကိုဗစ်-၁၉ နှိုးဆော်ရေးတေးသီချင်းများဖြင့် သတိပေးနှိုးဆော် ကပြဖျော်ဖြေပေးကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ းဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့် ဓာတ်ပုံကျွမ်းကျင်(၂)ဦးထိန်ဝင်းတို့က အဆိုပါ တေးသရုပ်ဖော်အကဖွဲ့အား လှုပ်ရှားမှုဗွီဒီယိုရိုက်ကူးပေးကြပြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ IPRD Tanintharyi News Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်  ကြောင်း သိရှိရသည်။

ထိုနောက် Fitness Dance  အကအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ၂၂ရက်နေ့က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ နှိုးဆော်ရေးတေးသီချင်းများဖြင့် လူစည်ကားရာ  ပျံကျဈေး၊ အောင်မင်္ဂလာဈေး(၁)၊ အောင်မင်္ဂလာဈေး(၂)၊ မြို့မရဲစခန်းလမ်း(၃)ဆုံ၊ ချောင်းကြီးရပ်ကွက် မင်္ဂလာကြီးလမ်း(၄)ဆုံနေရာနှင့် တနင်္သာရီတံတားသစ်ထိပ် အဝိုင်းပတ်နေရာတို့၌ (ပထမ)အကြိမ်၊နှိုးဆော်ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)