ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပလောက်၊ စက်တင်ဘာ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင်  စက်တင် ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့်ဒီရေတက်ခြင်းတို့ကြောင့်   သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြင်ဘုငယ်ကျေးရွာ၌ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဘုငယ်ကျေးရွာအုပ်စု၌ သဘာဝဘေးသင့်သော နေအိမ် (၂၀) လုံးတွင်  တစ်စိတ်တစ်ဒေသ ပျက်စီး (၁၆) လုံး ကို ငွေကျပ် (၁) သိန်းစီဖြင့် (၁၆)သိန်းနှင့်ပြိုကျပျက်စီးသည့် နေအိမ် (၄)လုံးအတွက် ငွေကျပ် (၂) သိန်းစီဖြင့် (၈)သိန်း၊ စုစုပေါင်းငွေကျပ် (၂၄)သိန်းနှင့် ပုလောမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နေအိမ်(၂၀)လုံးအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၃၈၀၆၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၄) ပုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆွေသက်က သဘာဝဘေးသင့်အိမ်ထောင်စုများထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။                                   

အလားတူပုလောမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တစ်ကိုယ်ရေသုံးပစ္စည်း(Hygiene  Kit) နှင့်(Family Kit) (၂၆) စုံကို သဘာဝဘေးသင့်အိမ်ထောင်စုများအား လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နှင်းမြူလွင်(ပလောက်၊ ပြန်/ဆက်)