မြောင်းမြ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ GASIFIRE ဆန်စက်လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀) နာရီအချိန်က မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် GASIFIRE ရေဆိုးထုတ်လုပ်မှု ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ GASIFIRE အသုံးပြုရင်း ဆိုးကျိုးများ မဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများမှလည်း ရှင်းလင်းတင်ပြပေးကြရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးဝင်းဦး၊ တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းတာဝန်ခံ ဦးထွန်းထွန်းဦး၊ တိုင်းစားသုံးသူဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးအောင်တို့က ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်အတွင်း ဆန်စက်လုပ်ငန်းရှင်များမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)