ကန့်ဘလူ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ ခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်း အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်မှ လူငယ်နဲ့လူသားအသိဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူစာပေဝါသနာရှင်များက လူငယ်နဲ့လူသားအသိ ဆောင်းပါးမှ လူဆိုတာ အကြောင်းအကျိုး အကောင်းအဆိုး၊ အကျိုးရှိအကျိုးမဲ့၊ အပြစ်ရှိအပြစ်မရှိဆိုသည်ကို ခွဲခြားနားလည်ခြင်း၊ အသိဆိုသည်ဆင်ခြင်တွေးခေါ်မှု၊ စူးစမ်းမှု၊ မြော်မြင်မှု၊ စဥ်းစားနိုင်မှုတွေကနေတစ်ဆင့် လှပသည့်ဘဝတစ်ခုကို ဖန်တီးတည်ဆောက်ဖို့အတွက် အသိဉာဏ်ပညာသည် အရေးကြီးကြောင်း၊ လူတစ်ယောက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ် အမြင်မတူတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ၊ နားလည်မှုလွဲနေတာတွေ၊ ဆန့်ကျင် ဘက်အနေအထားတွေကို ပဋိပက္ခသဘောပဲကြည့်ပြီး အချိန်မကုန်လွန်စေဖို့၊ ဘယ်လိုပူးပေါင်းပြီး အတူတကွ လက်တွဲပြီးလုပ်သွားကြဖို့စသည့် အကြောင်းအရာများကို အမြင်ချင်းဖလှယ် အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)